Blogger Widgets

Friday 31 May 2013

ကိုးကွယ်ရာမဲ့ ဖြစ်နေတဲ့ ရဲတိုက်

ကျွန်တော် က ရဲတိုက်ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေထဲက တစ်ယောက်ပါ။ သူ့ ကို အင်တာဗျူးပြီး သူ့ဘ၀ အကြောင်းကို စာရေးဖူးတယ်။ အင်တာဗျူး ခဲ့တာ နဲ့ ပတ်သက်ပြီး ကျွန်တော့် ကို ပြောပြ သလောက် ဘယ်သူ့ကိုမျှ မပွင့်လင်းခဲ့ဖူးဘူး လို့ သူကပြန်ပြောတယ်။သူ့ဘ၀ အကြောင်းကို တော်တော်ပြည့်ပြည့်စုံစုံ ကျွန်တော် သိခွင့်ရ ခဲ့တယ်။ရဲတိုက် က တောင်ကြီးမြို့မှာ ကြီးပြင်းတယ်။ သူသိပ်ချစ်တဲ့ သူ့မိခင် သေဆုံးသွားတယ်။ သူ့ဖခင် နောက်အိမ်ထောင်ပြုတယ်။ မိထေွး နဲ့ သူ အဆင်မပြေဘူး။ သူ့ကို သူ့အဖေ က ပြင်ဦးလွင် ဘော်ဒါ ဆောင် ပို့ ပစ်လိုက်တယ်။ ဘော်ဒါ အုပ်က သူ့ကို မကြည်ဘူး။ သေရာပါ ဒဏ်ရာ ရအောင် ရိုက်တာ ခံရတယ်။ သူ့ အဖေ က သစ်စက် လုပ်တယ်။ ရဲတိုက် ဆယ်တန်းအောင်ပြီးတော့ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ ရှိတဲ့ဖခင် ရဲ့ သစ်စက်မှာ အလုပ်ကူလုပ်ရတယ်။ အဲဒီအချိန်မှာ လက်နက်ကိုင်တွေက သူတို့သစ်စက်ကို မီးရှို့ ဖျက်ဆီး တာခံရတယ်။ အသက်လုပြီး သူပြေးခဲ့ရတယ်။
သူ့ဘ၀ ခရီးကို ပြန်ကြည့်ရင် စိတ်ဒဏ်ရာ ဖြစ်စရာတွေ သိပ်များပါတယ်။
ရဲတိုက် ရဲ့ အဖိုးဘက်က အာရပ်သွေးပါတယ်။ ဒါကြောင့် သူ့ရုပ်သွင်က ကုလားဆန်နေတယ်။ အကြောင်းမသိသူတွေက ရဲတိုက်ကို အစ္စလာမ် ဘာသာ ကိုးကွယ်သူ လို့ ထင်တယ်။ ရဲတိုက် က မိရိုးဖလာ ဗုဒ္ဓ ဘာသာ ဖြစ်ပါတယ်။ သူ ပဉ္ဇင်း ခံတယ်။ ၀ိပဿ နာ တရား အားထုတ်တယ်။ ဒါပေမယ့် သူမျှော်လင့်ထားတဲ့ အေးချမ်းမှု တော့ ရဲတိုက်မရသေးဘူး။
ဧရာဝတီ မြစ်ဆုံမှာ တရုတ်တွေ ရေကာတာဆောက်မယ်ဆိုတော့ ဧရာဝတီ ရဲ့တန်ဖိုး ကို သတိပြုမိအောင် ရဲတိုက် က မိတ်ဆွေတွေ နဲ့အတူ ကင်မရာကိုင်ပြီး ဧရာဝတီ ကိုမှတ်တမ်းတင်တယ်။ မှတ်တမ်းစာအုပ်တစ်အုပ် ထုတ်ခဲ့တယ်။ ဧရာဝတီ မှတ်တမ်း ဓာတ်ပုံတွေကို ပြပွဲခင်းတော့ ဒေါ်အောင် ဆန်းစုကြည်တက်ရောက်တဲ့ ဖွင့်ပွဲမှာ ရဲတိုက် က အခမ်းအနားမှူး လုပ်ခဲ့တယ်။ အဲဒီတုန်းက သမ္မတ က မြစ်ဆုံ ရပ်ပါ့မယ် မပြောသေးဘူး။ နောက်တော့ ရပ်ထားပါ့မယ် ပြောလာရတယ်။
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်၊ လူတွေ စစ်ဘေး တိမ်းရှောင်ပြေးကြရတယ်။ ဒုက္ခမျိုးစုံ ကြုံကြရတယ်။ စာနာစိတ် နဲ့ ရဲတိုက် က စစ်မြေပြင်က ဒုက္ခသည် စခန်းတွေကို ကိုယ်တိုင်သွားပြီး အကူအညီတွေ အများကြီးပေးခဲ့တယ်။ ကချင် ဒုက္ခသည် စခန်းတွေ က ရဲတိုက် ဆိုရင် အားကိုး ချစ်ခင်တယ်။
အမျိုးသား ဒီမိုကရေးစီ အဖွဲ့ချုပ် ရွေးကောက်ပွဲဝင်မယ်ဆိုတော့ ရဲတိုက် က နိုင်ငံချစ်စိတ် ရှိတဲ့ အခြားအနုပညာရှင်တွေ နဲ့ လက်တွဲပြီး စည်းရုံးရေး ခရီးတွေ မှာ ပါဝင်ခဲ့တယ်။
၂၀၁၂ ခု ဇွန် လ ကချင်စစ်ပွဲ တစ်နှစ်ပြည့် အဖြစ် ငြိမ်းချမ်းရေးတောင်းဆိုတဲ့ ဓာတ်ပုံပြပွဲတစ်ခု ရန်ကုန် တော်ဝင်နှင်းဆီ သီရိခန်းမ မှာ လုပ်တယ်။ ဓာတ်ပုံပြပွဲက အပြန်မှာ ရဲတိုက် က ကိုမျိုးဇော် (ဒါရိုက်တာ ရီဇော် ) ဆီက ငွေ နှစ်သိန်း တောင်းသွားတယ်။ သူဘာလုပ်တယ် ထင်ပါသလဲ။ ရွှေတိဂုံ ဘုရားသွားဖူးပြီး တစ်ပြားမကျန် ဘုရားကိုလှူပစ်ခဲ့တယ်။မြန်မာပြည် ငြိမ်းချမ်းပါစေ တဲ့။
ရဲတိုက်က သူ့မတည်ငွေတွေ ထည့် မိတ်ဆွေတွေကိုလည်း စည်းရုံ့းပြီး ရဲတိုက်ဖောင်ဒေးရှင်းကို တည်ထောင်တယ်။ သူ့ ရည်ရွယ်ချက် တစ်ခုကတော့ လေလွင့်လူငယ်လေးတွေ ကို အသက်မွေး ၀မ်းကျောင်း ပညာသင်ယူနိုင်အောင်ကူညီချင်တာ။ သူငယ်စဉ်က ဆင်းရဲဒုက္ခ အမျိုးစုံ ကြုံခဲ့ဖူးတာမို့ စာနာတယ်၊ ကူညီချင်တယ်လို့ ပြောတယ်။

ရဲတိုက် ရဲ့ လုပ်ရပ်တွေကို အခြေခံ ပြီး သူ့ စိတ် သဘာဝ ကို ကျွန်တော် သုံးသပ်ကြည့်မိတယ်။ သူ ဘ၀ နာခဲ့တယ်။ သူများတွေကိုသူ့လို ဘ၀ မနာစေချင်ဘူး။ သူငယ်စဉ်ကတည်းက စိတ်ဒဏ်ရာ တွေ ရခဲ့တယ်။ ဒါတွေက သူသက်သာ ချင်တယ်။မငြိမ်းချမ်းမှူတွေကြောင့် ဆင်းရဲနေရသူတွေ ကို သူစာနာတယ်။ ငြိမ်းချမ်းမှု လိုချင်တယ်။ ကိုးကွယ်ရာ ရှာဖွေနေတယ်။ အချို့က ရဲတိုက်ကို ဘာသာမဲ့ လို့ထင်တယ်။ တကယ်ကတော့ ဘာသာတရားတွေက သူ့ကို ငြိမ်းချမ်းမှု ပေးနိုင်မှာလား ၊သူရှာ ဖွေတယ်။ ကိုးကွယ်ရာ ရှာတယ်။
ဘုရားရှင် တွေကတော့ မဟာ ကရုဏာ ရှင်တွေ မို့ ရဲတိုက် ကို တစ်နေ့နေ့ မှာ ငြိမ်းချမ်းမှု ပေးသနားပါလိမ့်မယ်။ ယခု အထိတော့ ရဲတိုက်ဟာ ကိုးကွယ်ရာ မဲ့နေသေးသူသာဖြစ်ပါတယ်။ သူတတ်စွမ်းနိုင် သလောက် ကောင်းကျိုးပြုထားတဲ့ လောကကြီးကလည်း သူ့ကို စောင့်ရှောက် ပါ လိမ့်မယ်။

No comments :

Post a Comment

Blogger Widgets
Back to Top