Blogger Widgets

Wednesday 5 June 2013

မြန်မာနိုင်ငံရှိ အလုပ်သမား ဆေးရုံများကို နိုင်ငံတကာနှင့် ပူးပေါင်း၍ အဆင့်မြှင့်တင်မည်

မြန်မာနိုင်ငံရှိ အလုပ်သမား ဆေးရုံများကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန၏ အစီအစဉ်ဖြင့် နိုင်ငံတကာနှင့် ပူးပေါင်း၍ အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း လူမှုဖူလုံရေး အဖွဲ့မှ သိရသည်။
yangonworkerhosp-june5
ရန်ကုန်အလုပ်သမား ဆေးရုံကြီးကို တွေ့ရစဉ် (ဓာတ်ပုံ-ဥမ္မာအောင်)
အဆိုပါ နိုင်ငံတကာနှင့် ပူးပေါင်း၍ အဆင့်မြှင့်တင်မည့် ဆေးရုံများမှာ ရန်ကုန်၊ မန္တလေးနှင့် ရွှေဘိုမြို့များရှိ အလုပ်သမား ဆေးရုံများဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ အဆင့်မြှင့်တင်ရန်အတွက် စင်ကာပူ၊ ထိုင်း၊ ကိုရီးယား နိုင်ငံတို့နှင့် ဆွေးနွေးပြီးဖြစ်ပြီး ယခုအခါ ဂျပန်နိုင်ငံကလည်း ဆေးရုံများ အဆင့်မြှင့်တင်ရာတွင် ပူးပေါင်းပါဝင်ရန် အဆိုတင်သွင်းထားကြောင်း သိရသည်။
“ဆေးရုံကြီးတွေ အဆင့်မြှင့်တင်မှု စီမံကိန်း ဘယ်တော့ပြီးမယ် ဆိုတာတော့ သေချာ မပြောနိုင်သေးဘူး။ ပူးပေါင်းခွင့်ရတဲ့နိုင်ငံ အတည်ဖြစ်မှ အကောင်အထည် ဖော်လို့ရမှာပါ။ ဒီကိစ္စတွေအတွက် ဆွေးနွေးမှုတွေ ဆက်တိုက်ပြုလုပ် နေပါတယ်” ဟု လူမှုဖူလုံရေး အဖွဲ့ဥက္ကဋ္ဌ ဦးယုလွင်အောင်က ဆိုသည်။
အဆိုပါ ဆေးရုံများ အဆင့်မြှင့်တင်ရာတွင် ပူးပေါင်းဆောင်ရွက်ခွင့် ရရှိမည့် နိုင်ငံကို လူမှုဖူလုံရေး ၀န်ကြီးဌာန၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် အစိုးရ အဖွဲ့များမှ အဆင့်ဆင့် တင်ပြရွေးချယ် သွားမည်ဖြစ်ကြောင်း သိရသည်။
လူမှုဖူလုံရေး ကျန်းမာရေး စောင့်ရှောက်မှု အာမခံ ထားရှိထားသည့် အလုပ်သမားများသည် လူမှုဖူလုံရေး လက်အောက်ရှိ ဆေးခန်းများသာမက ယခု အဆင့်မြှင့်တင်မည့် ဆေးရုံများတွင်လည်း မိမိထားရှိထားသည့် အာမခံနှင့်အညီ ဆေးကုသနိုင်မည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ အခုစီစဉ်နေတဲ့ အာမခံ Smart Card က ဒီဆေးရုံ၊ ဆေးခန်းတွေမှာ ဆေးကုသခဲ့ရင် ဆေးကုသစရိတ်ကို ကတ်ထဲကနေ ဖြတ်သွားမယ်။ အာမခံ ထားတဲ့လူတွေ အနေနဲ့ ငွေကြေးထပ်မံ ပေးစရာ မလိုပါဘူး။ အာမခံ ထားရှိထားတဲ့ အလုပ်သမားတွေ အဆင်ပြေဖို့အတွက် ကျွန်တော်တို့ အနေနဲ့ အဆင့်မြှင့် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်တာပါ” ဟု ဦးယုလွင်အောင်က ဆိုသည်။
လူမှုဖူလုံရေး အာမခံ လုပ်ငန်းမှ အလုပ်သမား ဆေးရုံကြီးများကို နိုင်ငံတကာနှင့် ပူးပေါင်း၍ အဆင့်မြှင့်တင် မှုများအပြင် ယခုအခါ ပြည်တွင်းရှိ ပုဂ္ဂလိက ဆေးရုံ ၁၂ ရုံနှင့်လည်း ၎င်းတို့၏ အာမခံ အလုပ်သမားများ ဆေးကုသနိုင်ရန် ဆေးကုသမှု စံနှုန်းစနစ်များ သတ်မှတ်၍ ပူးပေါင်းဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
မြန်မာ တစ်နိုင်ငံလုံး၌ လူမှုဖူလုံရေး အဖွဲ့တွင် လူမှုဖူလုံရေး နည်းဥပဒေအရ လက်ရှိတွင် အာမခံထားရှိသည့် အလုပ်သမားဦးရေ စုစုပေါင်း ခြောက်သိန်းလေးသောင်း ခန့်ရှိကြောင်း လူမှုဖူလုံရေး အဖွဲ့မှ သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top