Blogger Widgets

Wednesday 5 June 2013

စားသုံးသူများ စားသောက်ခွန်ပြေစာ တောင်းခံရန် တိုက်တွန်း

တိုက်ရိုက်ကောက်ခံသည့် စားသောက်ခွန်များကို နိုင်ငံ့ဝင်ငွေ မလစ်ဟင်းစေရန် စားသုံးသူများသည် စားသောက်ဆိုင်ကြီးများတွင် ဝယ်ယူစားသုံးပြီးနောက် စားသောက်ခွန် ပေးဆောင်ပြီးကြောင်း ပြေစာ တောင်းယူရန် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့က နိုင်ငံပိုင် သတင်းစာများတွင် တိုက်တွန်းထားသည်။
စားသောက်ဆိုင်ကြီးများသည် စားသုံးသူများအား ပေးရမည့် ပြေစာများအတွက် မြို့နယ် အခွန် ဦးစီးဌာနမှူးရုံးတွင် စာရင်းသွင်း၍ ပြည်တွင်းအခွန်များ ဦးစီးဌာန၏ တံဆိပ်တုံး ရိုက်နှိပ်ထားသည့် ပြေစာ စာအုပ်များ ရယူထားရကြောင်း ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံးထံမှ စုံစမ်းသိရှိရသည်။
 “ပြေစာ မတောင်းခဲ့ဘူးဆိုရင် လုပ်ငန်းရှင်များ ဒီဟာကို စာရင်းထဲမထည့်ဘဲ ထားခဲ့လို့ရတယ်။ အဲဒါဆိုရင် စားသုံးသူက တကယ်ဆောင်ရဲ့သားနဲ့ နိုင်ငံ့ဝင်ငွေ ဆုံးရှုံးတာပေါ့” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စားသောက်ခွန် ကောက်ခံရာတွင် စားသောက်ဆိုင်ကြီးများအတွက် ပြေစာဆိုင်နှင့် လက်ဖက်ရည်ဆိုင်နှင့် ဆိုင်အသေးများအတွက် ငွေစာရင်းဆိုင်ဟူ၍ နှစ်မျိုးခွဲခြားထားကြောင်း မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးမှ တာဝန်ရှိသူက ပြောကြားသည်။
လက်ဖက်ရည်ဆိုင်နှင့် ဆိုင်အသေးများတွင် ငွေစာရင်း စာအုပ်များ ထားရှိရပြီး တစ်လလျှင်တစ်ကြိမ် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ စာရင်းပြကာ အခွန် ပေးဆောင်ရကြောင်း ၎င်းက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် စာရင်းသွင်းထားသော စားသောက်ခွန် ပေးဆောင်သည့် ဆိုင်ပေါင်း ၇၉၂၁ ဆိုင်ရှိသည့်အနက် ပြေစာဆိုင် (စားသောက်ဆိုင်အကြီး) ၃၇၄ ဆိုင်နှင့် ငွေစာရင်းစာအုပ် ထားရှိသောဆိုင် (ဆိုင်အသေး) ၇၅၄၇ ဆိုင်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံးထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ စားသောက်ခွန်ကို ယခင်က ၁၀ ရာခိုင်နှုန်း ကောက်ခံရာမှ ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်၍ ၅ ရာခိုင်နှုန်း ကောက်ခံရန် သတ်မှတ်ထားကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးကြည်က ရှင်းပြသည်။
စားသောက်ခွန် ကောက်ခံမှု နှုန်းထားသည် စားသောက်ဆိုင် တစ်ဆိုင်နှင့် တစ်ဆိုင် မတူညီဘဲ စားသောက်ခွန်နှင့် ဝန်ဆောင်ခ ပေါင်း၍ ၁၀ ရာခိုင်နှုန်း ကောက်ခံသော ဆိုင်များလည်းရှိကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်း၏ တွဲဖက်အတွင်းရေးမှူး ဦးနေလင်းက ပြောကြားသည်။
ယင်းစားသောက်ခွန်သည် ကုန်သွယ်လုပ်ငန်းခွန်၏ ဇယား-၇ ဝန်ဆောင်မှု အမျိုးအစားတွင်ပါဝင်ပြီး စားသောက်ဖွယ် ရောင်းချရေး လုပ်ငန်းအမည်ဖြင့် အခွန်ကောက်ခံခြင်း ဖြစ်ကြောင်း ကုန်သွယ်လုပ်ငန်းခွန် ဥပဒေတွင် ဖော်ပြထားသည်။
အခွန်စည်းကြပ်ရာတွင် ရသင့်သောအခွန် ရရှိခြင်းရှိ၊ မရှိ စိစစ်ခြင်း၊ ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများမှ အခွန်ကောက်ခံမှုကို စိစစ်ခြင်းနှင့် စိစစ်တွေ့ရှိ သုံးသပ်အကြံပြုချက်ကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ တင်ပြခြင်းတို့ကို အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့က လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယင်းဘုတ်အဖွဲ့၏ အဖွဲ့ဝင် ဒေါက်တာမောင်မောင်လေးက ပြောကြားခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဇွန်လ ၄ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။

No comments :

Post a Comment

Blogger Widgets
Back to Top