Blogger Widgets

Friday 7 June 2013

ယခင်ငါးမဖမ်းရ နေရာများတွင် ယခုအခါ ငါးဖမ်းသင်္ဘော ၇၅ ရာခိုင်နှုန်းအား ငါးဖမ်းဆီးခွင့်ပြု

fishinginosea-june6
ဒေးဒရဲမြို့နယ် သကြားဟင်းအိုး ကျေးရွာတွင် ငါးဖမ်းထွက်မည့် စက်လှေတစ်စင်းကို တွေ့ရစဉ်

မြန်မာ့ပင်လယ်ပြင်၌ ယခင်နှစ်များက ငါးမဖမ်းရ ရာသီနှင့် ငါးမဖမ်းရနေရာ သတ်မှတ်ထားသော်လည်း ယခုနှစ်တွင် ယင်းငါးမဖမ်းရ ရာသီနှင့် နေရာများတွင် ငါးဖမ်းသင်္ဘော ၇၅ ရာခိုင်နှုန်းအား မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာနမှ ငါးဖမ်းဆီးခွင့် ပြုလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။

မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာနသည် မြန်မာ့ပင်လယ်ပြင်တွင် ကမ်းဝေငါးဖမ်းရေယာဉ်များကို ဇွန် ၁ ရက်မှ စ၍ ဇူလိုင် ၁၅ ရက်အထိ ငါးမဖမ်းရ ရာသီကာလအဖြစ် သတ်မှတ်ကာ နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန်ကြေညာ ခဲ့ပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်နှင့် ငါးဖမ်းစက်လှေ လုပ်ငန်းရှင် အသင်းတို့၏ ပြန်လည်တင်ပြပေးမှုကြောင့် ၀န်ကြီးဌာနမှ ပြန်လည်ဖြေလျှော့ ပေးခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ငါးမဖမ်းရ ရာသီကာလ၌ ၇၅ ရာခိုင်နှုန်း ဖမ်းဆီးခွင့် ပြန်လည်ခွင့်ပြုရခြင်းမှာ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များ၊ ငါးဖမ်းစက်လှေ လုပ်ငန်းရှင်များနှင့် ယင်းတို့ကို မှီခိုလုပ်ကိုင်နေသော အလုပ်သမားများ၊ ဆိပ်ခံတံတားများတွင် ငါးတင်ငါးချ လုပ်ကိုင်နေသည့် လုပ်သားများအပြင် အခြားရေလုပ်သားများတွင် ငါးမဖမ်းရ ပိတ်ပင်ထားသော ကာလတွင် စားဝတ်နေရေး အခက်အခဲများရှိကြောင်း ၀န်ကြီးဌာနကို ပြန်လည်တင်ပြသည့်အတွက် ခွင့်ပြုပေးခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ဆိုသည်။

"၀န်ကြီးဌာနက ငါးမဖမ်းရ ရာသီကိုဖြေလျှော့ပေးတာ ဖြစ်ပါတယ်။ ငါးဖမ်းသင်္ဘော ၁၀၀ ရာခိုင်းနှုန်း ဖမ်းဆီးခွင့် အပြည့်ပေးတာတော့ မဟုတ်ပါဘူး။ ၇၅ ရာခိုင်နှုန်း အထိပဲ ငါးဖမ်းခွင့် ပေးတာပါ" ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှုး ဦးဝင်းကြိုင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် မူလက ငါးမဖမ်းရ ရာသီကို (၃)လ သတ်မှတ်ထားပြီး နောက်ပိုင်းတွင် တစ်လခွဲအထိ ထပ်မံကာ ငါးမဖမ်းရ ကာလကို လျှော့ချပေးခဲ့ကြောင်း ယခုနှစ်တွင် မြန်မာ့ပင်လယ်ပြင်တွင် လုပ်ကိုင်နေသော ငါးဖမ်းရေယာဉ် ၇၅ ရာခိုင်းနှုန်းကို ဖမ်းဆီးခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top