Blogger Widgets

Friday 28 March 2014

တပ်မတော်က စစ်ရေးလေ့ကျင့်မှုများအား ပွင့်လင်းစွာ သတင်းထုတ်ပြန်လာ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်(ရေ) အမည်များဖြင့် ဖွင့်လှစ်ထားသော ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ဖော်ပြထားသည့် စစ်ရေးလေ့ကျင့်မှု မှတ်တမ်းတင်ဓာတ်ပုံ အချို့အားတွေ့ရစဉ်။
မြန်မာ့တပ်မတော်၏ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ရေးလေ့ကျင်မှုများကို အစိုးရပိုင်ရုပ်သံမီဒီယာများ
နှင့် သတင်းစာများသာမက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာများတွင်ပါ ကျယ်ကျယ်ပြန့်ပြန့်
ဖော်ပြမှုများ တွေ့ရှိလာရသော်လည်း စစ်တပ်၏အခြေအနေအမှန်ကို သုံးသပ်နိုင်ရန် ခက်ခဲနေသေး
ကြောင်း လေ့လာသူများက ပြောကြားကြသည်။

"ရန်ကုန်မြို့မှာ ဆန္ဒပြသူတွေကို အကြမ်းဖက် ပစ်ခတ်ခဲ့တဲ့၊ တိုင်းရင်းသားဒေသတွေမှာရှိတဲ့
အရပ်သားတွေအပေါ်မှာ သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ပြုလုပ်ခဲ့တဲ့ တပ်မတော်
ဆိုတာမျိုး သူတို့မလိုလားဘူး။ ဒါကြောင့် ပိုကောင်းတဲ့ ပုံရိပ်မျိုးရအောင် သူတို့ကိုယ်တိုင် မြှင့်တင်
လာတယ်လို့ထင်တယ်"ဟု မြန်မာ့အရေး ကျွမ်းကျင်သူ ဆွီဒင်သတင်းစာဆရာ ဘာတေးလစ်တနာ
က ပြောသည်။

တပ်မတော်သည် ၁၀ စုနှစ်ပေါင်းများစွာ ကြာအောင် စစ်ရေးစစ်ရာကိစ္စများ၊ စစ်ရေးလေ့ကျင့်မှုများ
စသည်တို့ကို အများသိအောင် ယခင်ကထုတ်ပြန်ကြေညာမှုမျိုး တစ်ကြိမ်တစ်ခါမျှ ပြုလုပ်ခဲ့ခြင်း
မရှိဘဲ မြန်မာ့ရုပ်မြင်သံကြားနှင့် စစ်တပ်ပိုင် မြ၀တီရုပ်သံတို့မှ နေ့စဉ် ထုတ်လွှင့်သော စစ်သည်
တေးစစ်ချီတေးများ နှင့် တပ်မတော်နေ့ အထိမ်းအမှတ် အစီအစဉ်များတွင်သာ ဖော်ပြခဲ့သည်။

သို့ရာတွင် ပြီးခဲ့သည့် တစ်နှစ် နှစ်နှစ်အတွင်း မှစတင်ကာ မြန်မာ့တပ်မတော်၏ တရားဝင်
ဝက်ဘ်ဆိုက်အပြင် တရားဝင်မဟုတ်သော်လည် စစ်တပ်နှင့် ဆက်နွှယ်သူများ၏ ကာကွယ်ရေး
ဆိုင်ရာ စစ်လက်နက်ကိစ္စများကိုဖော်ပြသော သတင်းဝက်ဘ်ဆိုက်များထွက်ပေါ်လာခဲ့သည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမည်ဖြင့်ပါ ဖေ့စ်ဘွတ်ခ်
စာမျက်နှာတစ်ခု ဖွင့်လှစ်ထားပြီး ၎င်း၏ လှုပ်ရှားမှုသတင်းဓာတ်ပုံများ ပုံမှန် ဖော်ပြနေသည်
ကိုလည်း တွေ့ရသည်။

ပြီးခဲ့သည့် (၆၈) နှစ်မြောက်တပ်မတော်နေ့ကလည်း တစ်ခါမျှ ထုတ်ဖော်ပြသခြင်းမရှိသည့်
အမြောက်လက်နက်ကြီးများ၊ တင့်ကားများပါဝင်သည့် စစ်ရေးပြအခမ်းအနားကို နေပြည်တော်တွင်
ပြုလုပ်ခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်း တပ်မတော်ကြည်း၊ လေ၊ အမြောက်တပ်နှင့် သံချပ်ကာတင့်ကား
တပ်ရင်းများပူးပေါင်းကာ စစ်ရေးလေ့ကျင့်မှု အကြီးစားများကို မိတ္ထီလာတွင် ပြုလုပ်ခဲ့သလို
မတ်လ ၂၂ ရက်ကလည်း ပင်လယ်ပြင်ရေပိုင် နက် လုံခြုံရေးအတွက် စစ်သင်္ဘောများဖြင့်
ဒုံးလက်နက်များ ပစ်ခတ်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများတွင် အကျယ်တ၀င့်
ဖော်ပြထားသည်။

အဆိုပါ စစ်မဟာဗျူဟာအဆင့် ပူးပေါင်းလေ့ကျင့်မှုတိုင်းတွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ခဲ့သည်။

လက်ရှိအချိန်သည် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့
များအားလုံးပါဝင်သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အကြိုဆွေးနွေးပွဲများတွင် စစ်ဘက်
ဆိုင်ရာထိပ်တန်းခေါင်းဆောင်များပါ ပါဝင်ဆွေးနွေးမှုများ ပြုလုပ်နေချိန်လည်း ဖြစ်သည်။

"စစ်တပ်အနေနဲ့ ဒီအချိန်မှာ (စစ်ရေးလေ့ကျင့်မှုတွေ) ဒီလိုလုပ်တယ်ဆိုတာ တစ်ဖက်မှာ ဖိအား
ပေးတဲ့အနေနဲ့ ဖြစ်စေပါတယ်။ ဒါပေမဲ့လည်း သူတို့နဲ့ ပွင့်ပွင့်လင်းလင်း မဆွေးနွေးရသေးတော့
အသေအချာတော့ မပြောနိုင်ဘူး"ဟု မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။

သို့ရာတွင် အပစ်အခတ်ရပ်စဲရေး ကိစ္စများ နှင့်ပတ်သက်ပြီး စစ်တပ်၏ပါဝင်လာမှု အခန်းကဏ္ဍ
အလားလာ ပိုမိုကောင်းလာမည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာ့တပ်မတော်အနေဖြင့် အမေရိကန်၊ ဗြိတိန်အပါအ၀င် အနောက်နိုင်ငံ တပ်မတော်များနှင့်
ဆက်ဆံရေး ပိုမိုကောင်းမွန်စေရန် တည်ဆောက်နေသကဲ့သို့ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန် အပြင်
ထိုင်း၊ ဗီယက်နမ်၊ လာအိုစသည့် ဒေသတွင်းနိုင်ငံများနှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးကို မြှင့်တင်
လုပ်ဆောင်မှုများ ရှိနေကြောင်း မြန်မာ့အရေးလေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက သုံးသပ်သည်။

"မြန်မာ့တပ်မတော်ရဲ့ ဒေသတွင်း မဟာဗျူဟာမြောက် အရေးပါမှုကို အားကောင်းလာဖို့ စီမံချက်
ချမှတ်လုပ်တယ်လို့ ထင်ပါတယ်။ အဲဒီ စီမံချက်ရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် စစ်ရေး လေ့ကျင့်မှု
တွေကို ပွင့်လင်းမြင်သာစွာ လုပ်တယ်လို့ ထင်ပါတယ်။ "အဲဒီလို ပွင့်လင်းမြင်သာမှသာ အမေရိကန်
အပါအ၀င် အနောက်နိုင်ငံ တပ်မတော်တွေနဲ့ ဆက်ဆံရေးဟာခရီးပေါက်နိုင်မှာပါ"ဟု ၎င်းက
ပြောသည်။

မြန်မာနိုင်ငံသည် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ် နှင့် နယ်မြေပိုင်ဆိုင်မှု ပြဿနာများရှိနေပြီး စစ်ရေး
လေ့ကျင့်မှုများမှာ ဘင်္ဂလားပင်လယ်အော်အတွင်း လုပ်ဆောင်မှုကြောင့် အဆိုပါကိစ္စနှင့်လည်း
သက်ဆိုင်မှု ရှိနိုင်ကြောင်း ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်သည်။

အမေရိကန်နှင့် မြန်မာစစ်ရေးအရ ပြန်လည် ပတ်သက်မှုအဖြစ် လူ့အခွင့်အရေးဆိုင်ရာဥပဒေနှင့်
စစ်တပ်ဆိုင်ရာစည်းမျဉ်းများကို US Defense Institute of International Legal Studies
(DIILS) တွင်၂၀၁၃ ခုနှစ်၊ ဩဂုတ်လ အတွင်းက သင်တန်းပေးခဲ့ရာ ကာကွယ်ရေး ၀န်ကြီးဌာန
အရာရှိ ၂၀ ဦး ကို တက်ရောက်စေခဲ့သည်။

ထို့ပြင် ဗြိတိန်အစိုးရကလည်း လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ပတ်သက်ပြီး အပြင်းအထန်စွပ်စွဲမှုများ
ရင်ဆိုင်နေရသော မြန်မာစစ်တပ်နှင့် စစ်ရေးအရ ပြန်လည်ဆက်ဆံမှုများ ပြုလုပ်သွားမည်ဟု
ပြီးခဲ့သည့် ဇန်န၀ါရီလ အတွင်းက ရန်ကုန်မြို့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်
ပြောကြားခဲ့သည်။

"တပ်မတော်ထဲမှာ ပွင့်လင်းမြင်သာမှုကို ပိုဖွင့်လာတဲ့ တစ်ချိန်တည်းမှာ မြန်မာ့တပ်မတော်ကို
ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် စနစ်တကျ ပြောင်းလဲဖွဲ့စည်းနိုင်ဖို့၊ အမေရိကန်၊ အင်္ဂလန်နဲ့
ဥရောပနိုင်ငံတွေအနေနဲ့ အထူးထိတွေ့၊ ကြိုးစား၊ အကူအညီပေးသင့်ပါတယ်" ဟု ဒေါက်တာ
ရန်မျိုးသိမ်းက ပြောကြားသည်။

သို့သော် မြန်မာ့တပ်မတော်အနေနှင့် အာဆီယံဒေသတွင်း အရေးကိစ္စများနှင့် ပတ်သက်၍မူ
အာဆီယံ၏ ၀င်ရောက် မစွက်ဖက်ရေး (non-interference) ပေါ်လစီအရ အရေးပါသော
အခန်းကဏ္ဍတွင် ပါဝင်နိုင်ခြေမရှိကြောင်း ဘာတေးလစ်တနာက သုံးသပ်သည်။

မြန်မာနိုင်ငံအနေနှင့် ဒီမိုကရေစီစနစ်တစ်ခုဖြစ်လာရန် စစ်တပ်လွှမ်းမိုးချုပ်ကိုင်ထားသည့် ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမည် ဖြစ်သကဲ့သို့ စစ်တပ်ကိုလည်း အရပ်သား အုပ်ချုပ်မှု
အောက်တွင် ထားရှိရမှာဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်ရေးကိုယ်စားလှယ်၏ မြန်မာနိုင်ငံ
လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။

No comments :

Post a Comment

Blogger Widgets
Back to Top